ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေသည် နေအိမ်တွင် ကျန်းမာစွာနေထိုင်လျက်ရှိပါလျက်နှင့် သူကွယ်လွန်ကြောင်းရေးသားထားသည့် နာရေးဖိတ်စာများကို အမည်မသိလူတစုက ရန်ကုန်မြို့၌ လိုက်လံဖြန့်ဝေနေကြောင်း သခင်သိန်းဖေ၏မိသားစုထံမှ သိရသည်။
သခင်သိန်းဖေသည် ယခုလ (၂၃) ရက်၌ (၉၆) ပါးရောဂါဖြင့်ဆုံးသွားကြောင်း၊ ကြာသပတေးနေ့ မွန်းလွဲ (၁) နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည့်အကြောင်း ကွန်ပျူတာဖြင့် စာစီရေးသားထားသည့် နာရေးဖိတ်စာကို မိတ္တူကူးကာ စာအိတ်ဖြင့်ဖြန့်ဝေခြင်းဖြစ်သည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏သားဖြစ်သူ ဦးဘန်နီက “သူတို့က ဖိတ်စာလိုက်ဝေတာပေါ့။ ကားတစီးနဲ့၊ ဗုဒ္ဓဟူးနေ့ ည (၈) နာရီလောက် ကောင်စီရုံးကိုရောက်တယ်။ ရောက်တော့ ကောင်စီရုံးမှာ တက်ပေးတယ်။ ဖိတ်ပေးပါပေါ့၊ ဖိတ်စာ။ ကောင်စီရုံးက ဖွင့်ကြည့်လိုက်တော့ အဖိုးကြီးဆုံးတယ်၊ ဘယ်နေ့ချမယ် ဘာမယ်ပေါ့။ ကောင်စီရုံးက မဟုတ်မှန်းလည်းသိတာကိုး၊ အဲ့တော့ ဟေ့ခဏ၊ ခဏ ဆိုပြီးထွက်ခေါ်တော့ ကားနဲ့မောင်းပြေးသွားတယ်” ဟုပြောသည်။
နာရေးဖိတ်စာလက်ခံရရှိပြီးနောက် ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (ရယက) ရုံးမှ တာဝန်ရှိသူများက သခင်သိန်းဖေနေအိမ်သို့ သွားရောက်သတင်းမေးမြန်းကြောင်း သိရသည်။
မကြာသေးခင်က ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကို သခင်သိန်းဖေဦးစီးသည့်
ဝါရင့်နိုင်ငံရေးသမားကြီးများက ဂုဏ်ပြုပွဲလုပ်ခဲ့သည်ကို မကျေနပ်သည့်အတွက် ယခုကဲ့သို့ ဖိတ်စာ အတုများ ဖြန့်ဝေခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း၊ ယင်းစာများကို မရမ်းကုန်းမြို့နယ်အတွင်း၌သာ ဖြန့်ဝေခြင်းဖြစ်ပြီး အခြားမြို့နယ်များတွင် ယင်းသတင်းမကြားသိရဟု ဦးဘန်နီကပြောသည်။
အလားတူ မကွေးမြို့ပေါ်၌လည်း ‘ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကောက်နုတ်ချက်များ’ ဟု လုပ်ကြံရေး သားထားသည့် မိန့်ခွန်းအတုများ ရိုက်နှိပ်ထားသည့် စာရွက်များကို အမည်မသိသူများက ဖြန့်ဝေနေ သည်ဟု မကွေးမြို့ခံတဦးကပြောသည်။
ယခုကဲ့သို့ နိုင်ငံရေးခေါင်းဆောင်များ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေရန်ရည်ရွယ်ပြီး စာရွက်စာတမ်းအတု များကို လူထုအတွင်း ဖြန့်ဝေနေချိန်သည် နအဖစစ်စိုးရက ၎င်းပိုင်သတင်းစာများမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများကို ဝေဖန်တိုက်ခိုက်ရေးသားနေချိန်နှင့် တိုက်ဆိုင်နေ သည်။ ။ |