မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးသည့် ဂျီအက်စ်အမ်ဖုန်းများသည် မြဝတီခရိုင်အတွင်း၌ ဖုန်းခေါ်ဆိုရ ခက်ခဲကြောင်း မြို့ခံများက ပြောသည်။
မြဝတီခရိုင်တွင် အများပြည်သူများသုံးစွဲရန် ဂျီအက်စ်အမ်ဖုန်း အလုံး (၁,၀၀၀) ခန့်ကို မြန်မာ့ဆက်သွယ်ရေးဌာနက ယခုနှစ်ဆန်းတွင် ချပေးခဲ့သော်လည်း ဖုန်းအလုံးရေများပြီး အထိုင်တယ်လီဖုန်းစက်ခုံ စွမ်းဆောင်ရည်နိမ့်ကျသောကြောင့် ဝန်နှင့်အားမမျှဘဲ ဖုန်းအသုံးပြုရာတွင် လိုင်းပူးလိုင်းကျခြင်း၊ ဖုန်းခေါ်မရခြင်းတို့ နေ့စဉ်ကြုံတွေ့နေကြကြောင်း မြို့ခံများက ပြောသည်။
မြဝတီမြို့ခံတဦးက “ဒီပြဿနာတွေဖြစ်တာ အထိုင်စက်ခုံငယ်လို့ ဖြစ်တာလို့ ဆက်သွယ်ရေးက လူတွေပြောတယ်။ အရေးအကြောင်းဆိုရင် ဒီဖုန်းလိုင်းက ဘယ်လိုမှ သုံးရတာအဆင်မပြေဘူး။ လိုင်းက ရလိုက် မရလိုက်နဲ့ ဖြစ်နေတယ်” ဟု ပြောသည်။
မြဝတီဆက်သွယ်ရေးဌာနကမူ ယခုကဲ့သို့ ဖုန်းခေါ်ဆိုမှု ခက်ခဲရခြင်းမှာ စက်ခုံနှင့်မဆိုင်ဘဲ မြေအောက်ကေဘယ်လ်ကြိုးများ ပေါက်ပျက်ခြင်းကြောင့်ဖြစ်ပြီး ပြန်လည်ပြင်ဆင်ပြီးလျှင် အချိန်မရွေးကြည်လင်စွာ ဖုန်းအသုံးပြုနိုင်မည်ဟု ပြောသည်။
မြဝတီခရိုင်တွင် ယခုချပေးသည့် ဂျီအက်စ်အမ်ဖုန်းများကို ခရိုင်အာဏာပိုင်များနှင့် အဖွဲ့အစည်းများကို ဦးစားပေးပြီး ကျန်ရှိသည့်ဖုန်းများကို မြို့ပေါ်ရပ်ကွက် (၅) ခုမှ ပြည်သူများကို မဲစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
မြ၀တီမှ ကုန်သည်ကြီးတဦးက “ဖုန်းမဲပေါက်တဲ့လူတွေ မြဝတီဆက်သွယ်ရေးရုံးမှာ ဖုန်းငှားရမ်းစာချုပ် ချုပ်ဆိုပြီး ကျပ် (၁၆) သိန်း (၅) သောင်း ကြိုတင်ငွေ ပေးသွင်းပြီး တလစောင့်ရတယ်။ အဲဒီထဲက (၅) သောင်းက မြဝတီခရိုင်ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ပေးရတာပါ။ ရကာစက ဖုန်းလိုင်းကောင်းပေမယ့် အခုဖုန်းလိုင်းတွေ ပြဿနာတက်တာ (၂) လကျော်သွားပြီ။ ကုန်သည်တွေ အတွက်ကတော့ ဒီဖုန်းနဲ့လုပ်ရကိုင်ရတာ ဘယ်လိုမှအဆင်မပြေဘူး” ဟု ပြောသည်။
ဖုန်းလိုင်းကောင်းစဉ်က တဆင့်ပြန်ရောင်းလျှင် (၂၂) သိန်းအထိ ဈေးပေါက်ပြီး ယခုအခါ မူရင်းဈေးနှင့် ပြန်ရောင်းလျှင်ပင် ဝယ်သူမရှိဟု ဖုန်းပိုင်ရှင်တဦးက ပြောသည်။
ကျောင်းဆရာမတဦးကလည်း “ဂျီအက်စ်အမ်ဖုန်းက မြဝတီကဆက်ရင် ရလိုက်မရလိုက်နဲ့ တခါတခါ နာရီဝက်လောက်ထိ ကြာတာတွေရှိတယ်။ အရေးကြီးရင်တော့ အိုင်ပီစတား စလောင်းဖုန်းနဲ့ပဲ ဆက်ရတယ်။ အဲဒါက ထိုင်းကလာတဲ့ဖုန်း” ဟု ပြောသည်။
ဂျီအက်စ်အမ်ဖုန်းဖြင့် မြန်မာနိုင်ငံအတွင်းခေါ်ဆိုပါက တမိနစ် (၃၅) ကျပ်သာဖြစ်ပြီး ဈေးချိုသော်လည်း ၎င်းဖုန်းအားကိုးဖြင့် ကုန်သည်များ ရောင်းဝယ်ဖောက်ကားကြရာတွင် ပြဿနာရှိသဖြင့် ထိုင်းဘက်မှတင်သွင်းသည့်ဖုန်းများကိုသာ အရေးပေါ် အသုံးပြုကြသည်။
|