မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်း တိုးတက်အောင်မြင်နေပြီး ဆေးလိပ်သောက်သုံးမှု လျော့ကျသွားသည်ဟု စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာနေသော်လည်း ရန်ကုန်မြို့တွင် ဆေးလိပ်ရောင်းအား ကျဆင်းမသွားကြောင်း ဆေးလိပ်အရောင်းဆိုင်များက ပြောသည်။
အထူးသဖြင့် ဆေးလိပ်အရောင်းသွက်သည့်ဆိုင်များမှာ ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်များဖြစ်ပြီး ယင်းဆိုင်တိုင်းတွင် ဆေးလိပ်အမျိုးစား အမျိုးမျိုးရောင်းချလျက်ရှိသည်။
တာမွေရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးက “တာမွေက လက်ဖက်ရည်ဆိုင်တွေအားလုံး ဆေးလိပ်မရောင်းတဲ့ဆိုင်ဆိုတာ မရှိဘူး။ ကျနော်တို့ဆိုင်မှာတော့ စီးကရက်အမျိုးအစားတွေ အများကြီးပဲ။ အရောင်းရဆုံးကတော့ ရက်ရူဘီ(red ruby) ပေါ့။ အဲဒီ စီးကရက်က တလိပ်ကို (၅၀) ကျပ်ပဲရှိတာလေ။ လန်ဒန်ကတော့ ရောင်းအားကျမသွားဘူး။ ဒါပေမယ့် ဈေးမြင့်တယ်။ စားသောက်ဆိုင်ကြီးတွေမှာ ဆိုရင်တော့ ရောင်းအားကောင်းတယ်ဗျာ” ဟု ပြောသည်။
ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်အများစုတွင် ရောင်းအားအကောင်းဆုံးစီးကရက်မှာ ရက်ရူဘီစီးကရက်ဖြစ်ပြီး လူတန်းစာမရွေး သောက်နိုင်သော ဈေးနှုန်းကြောင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ရောင်းချလျက်ရှိသည်။
သိမ်ကြီးဈေး ဒီရုံတွင် မြန်မာတနိုင်ငံလုံးသို့ စီးကရက် ဖြန့်ဖြူးရောင်းချနေသည့် အရောင်းဒိုင်တခုမှ တာဝန်ခံတဦးက အများဆုံး ဖြန့်ချိရောင်းချရသော ပြည်နယ်နှင့်တိုင်းများမှာ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်သည်ဟု ပြောသည်။
၎င်းက “စီးကရက်ကတော့ အရောင်းထိုင်းတယ်ဆိုတာ မရှိဘူး။ ဘယ်လိုလူမျိုးတွေ အသောက်များတယ်ဆိုတာတော့ မသိဘူး။ ကျနော့်ဆိုင်မှာ တနေ့တနေ့ စီးကရက်လာဝယ်တဲ့သူတွေ အများကြီး။ ရန်ကုန်က လက်ဖက်ရည်ဆိုင် ဖောက်သည်တွေ၊ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေက အမြဲလာဝယ်လေ့ရှိတယ်။ သောက်သူတွေရှိနေလို့ ရောင်းနေရတာပဲလေ” ဟု ပြောသည်။
အဆိုပါအရောင်းဆိုင်တွင် စီးကရက်အမျိုးပေါင်း (၅၀) ကျော်ရှိကာ ဈေးအမြင့်ဆုံးမှာ မာဘိုရို စီးကရက်ဖြစ်ပြီး ရန်ကုန်တွင် ဖောက်သည်ဈေး တတောင့်လျှင် (၁၈,၃၀၀) ကျပ်ဝန်းကျင်ရှိကြောင်း၊ ရန်ကုန်ပရိသတ်ကြိုက် စီးကရက်များမှာ လန်ဒန်၊ ရက်ရူဘီ၊ ဗီးဂက်စ်၊ ဗွီအနီတို့ဖြစ်ပြီး ရက်ရူဘီနှင့် ဗီးဂက်စ် တတောင့်လျှင် (၄,၈၀၀) ကျပ် ၀န်းကျင်၊ ဗွီအနီတတောင့်လျှင် (၄,၃၀၀) ကျပ်ဝန်းကျင် အသီးသီးရှိကြောင်း သိရသည်။
နအဖက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးထိန်းချုပ်ဥပဒေကို ၂၀၀၆ ခု မေလ (၄) ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၇ ခု မေလ (၄) ရက်တွင် ယင်းအာဏာ စတင်တည်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အာဏာတည်သည့်နေ့မှစ၍ ရန်ကုန်မြို့ရှိ မည်သည့်နေရာတွင်ဖြစ်စေ ဆေးလိပ်ကြော်ငြာခြင်းများကို ခွင့်မပြုတော့ကြောင်း ရန်ကုန်စည်ပင်က သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းတွင် ဆေးလိပ်နှင့်ပတ်သက်သော ကြော်ငြာများ လုံးဝမကြော်ငြာရသည့်အပြင် လက်ကမ်းကြော်ငြာ ပေးဝေခြင်း၊ တနည်းနည်းဖြင့် ကြော်ငြာခြင်းတို့ကိုလည်း အဆိုပါဥပဒေအရ အရေးယူမည်ဟု ပါရှိသည်။
ဆိုင်းဘုတ်နှင့်ကြော်ငြာများကို အရေးယူမည်ဟုပြောသော်လည်း စီးကရက်ကုမ္ပဏီများက ရန်ကုန်ဈေးကွက်အတွင်းတွင် အမျိုးသား အမျိုးသမီးငယ်များကို တူညီဝတ်စုံများဝတ်ဆင်စေပြီး မားကက်တင်းဆင်းကာ စီးကရက်ရောင်းအားမြှင့်တင်မှုများ လုပ်နေကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ်မှ ကျောင်းဆရာတဦးကမူ ဆေးလိပ်သောက်သူများတွင် ဆယ်ကျော်သက်အရွယ်ကျောင်းသား အများအပြားပါဝင်နေသဖြင့် အစိုးရအနေဖြင့် ဆေးလိပ်သောက်သုံးမှုအန္တရာယ် လျော့ပါးရေးအတွက် လက်တွေ့ကျကျ ကျန်းမာရေး ပညာပေးမှုများကို ကျောင်းများနှင့် ပြည်သူလူထုကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလုပ်ဆောင်သင့်သည်ဟု
ပြောသည်။
|