ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

မြန်မာနိုင်ငံတောင်ပိုင်းတွင် မြစ်ရေကြီးသဖြင့်
ရေလမ်းခရီးအချို့ ရပ်ဆိုင်းထားရ

ဝီရ / ၁၅ ဇူလိုင် ၂၀၀၉
line

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မြစ်ချောင်းများ စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့ပြီး ရေလမ်း၊ ကုန်းလမ်းခရီးအချို့ ရပ်နားခဲ့ရသည်။

သံလွင်မြစ်အောက်ပိုင်း ကရင်ပြည်နယ် ဘားအံမြို့နှင့် မော်လမြိုင်သို့ သင်္ဘောဖြင့် သွားလာနေသည့် ရေလမ်းခရီးကို ယခုလ (၁၃) ရက်မှစ၍ ရပ်နားခဲ့ကြောင်း ဘားအံမြို့မှ ဈေးသည်တဦးက ပြောသည်။

“အခု သွားလို့မရတော့ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို ကားလမ်းကနေ မှာနေရတယ်။ ဇူလိုင် (၁၃) ရက်ကတည်းက သင်္ဘောသွားလို့မရတာ။ မြစ်ရေက တံတားဘောင်အနားထိ ရောက်နေတယ်။ သင်္ဘောတွေ ဖြတ်ဝင်လို့ မရတော့ဘူး။ အခြားလှေငယ်တွေကလည်း မသွားရဲကြတော့ဘူး။ ရေစီးကြမ်းတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မြဝတီ-ကော့ကရိတ်-အိန္ဒု ကားလမ်းပေါ်ရှိ ဂျိုင်းတံတား (ကော့ကရိတ်) မှာလည်း ယိုယွင်းနေ၍ ဖြတ်ကူးသည့် ကားတင်ချိန် လျှော့ချရသဖြင့် ဘားအံမြို့ပေါ်တွင် ကုန်ပစ္စည်းမျိုးစုံ ဈေးတရိပ်ရိပ်တက်နေပြီး ကုန်သယ်စရိတ်မှာ ယခုလောလောဆယ် နှစ်ဆခန့် ဈေးတက်နေသည်ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း ယခုလ (၁၃) ရက်၌ ရေးချောင်း မြစ်ရေလျှံသဖြင့် ရေးမြို့ ကမ်းနားလမ်းတလျှောက်ရှိ ဈေးကြီးအပါအဝင် တဘက်ကမ်း ချောင်းတောင်ရွာရှိ လူနေအိမ်ခြေများ ပြောင်းရွှေ့ခဲ့ရပြီး မြို့ပေါ်ရပ်ကွက်အချို့အထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရေးမြို့ခံတဦးက “ရေတက်တော့ ဒီရန်ကြီးအောင်ရပ်ကွက်ရယ်၊ ချောင်းဘေးနှစ်ဘက်က အိမ်တွေအားလုံး ပြောင်းရတယ်။ ချောင်းတောင်ရွာဘက်ခြမ်းရော ဆိုရင် အိမ်ခြေ (၁၀၀) နီးပါးလောက် ပြောင်းရတယ်။ အဲဒီတရက် ဇွန် (၁၃) မှာ ဈေးကြီးက တချို့ဈေးသည်တွေလည်း ပစ္စည်းတွေ ပြောင်းရတယ်။ ဒီရေးမြို့ပေါ်က အနိမ့်ပိုင်း ရပ်ကွက်တွေအားလုံး ရေဝင်နေတယ်။ ဒီနေ့အထိ ရေသိပ်မကျသေးဘူး။ ချောင်းဖျားဘက်က မိုးဆက်ရွာနေတာကိုး။ ချောင်းဖျားက သစ်ထုတ်လုပ်တဲ့သူတွေဆီက ခွဲပြီးသား သစ်လုံးကြီးတွေလည်း ဒီဘက်ကို စီးလာတာရှိတယ်။ သစ်လုံးတွေက တလုံးကို သိန်းချီရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရေမြင့်တက်မှု စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည့် ဘားအံမြို့တွင် (၆၈၆) စင်တီမီတာမှ နောက်နှစ်ရက်အတွင်း (၇၅၀) စင်တီမီတာအထိ ရောက်ရှိနိုင်ကြောင်း၊ မွန်ပြည်နယ် ရေးမြို့တွင် စိုးရိမ်ရေမှတ် (၉၁.၅) စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

နယ်စပ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းရှိ ချောင်းနှစ်ခွ-မုဒုံတွင် သွားလာနေသည့်လမ်းကြောင်းမှာလည်း ချောင်းရေ မြင့်တက်နေပြီး ရေစီးကြမ်းနေသဖြင့် ယမန်နေ့မှစ၍ ရေလမ်းခရီး ပိတ်ထားရသည်။

ဘုရားသုံးဆူမြို့အနီး ချောင်းဆုံလှေဂိတ်မှ ရွာသားတဦးက “လွန်ခဲ့တဲ့ နှစ်ရက်နေ့က ဒီချောင်းဆုံရွာ အောက်ပိုင်းက အိမ်တွေ ရေထဲပါသွားတာ ရှိတယ်။ မိုးကြီးလို့ ရုတ်တရက် ရေမြင့်တက်လာတာကြောင့် အိမ် (၃၀) လောက် ကုန်းဘက်ကို ပြောင်းသွားရ တယ်။ မနေ့က ချောင်းနှစ်ခွကနေ ဟိုဘက်ကမ်း မုဒုံဘက်ကို သွားလို့မရဘူးလို့ လှေသမားတွေက ပြောတယ်။ ရေက ဆိပ်ခံထက်မြင့်တက်နေတော့ ဇက်လှေက ကမ်းကို ကပ်လို့မရဘူးလို့ ပြောတယ်။ ခရီးသည်တွေက အဲဒီမှာပဲ ညအိပ်လိုက်ရ တယ်တဲ့။ လှေငယ်တွေလည်း မလွယ်ဘူး။ ရေစီးတာ အရမ်းကြမ်းတယ်လေ။ အန္တရာယ်များလို့ ဘယ်သူမှ မဆင်းချင်ကြဘူး” ဟု ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo