မြန်မာအာဏာပိုင်များက လက်ဖက်ပြဿနာများအပေါ် မမှန်မကန်ကိုင်တွယ်မှုကြောင့် ရှမ်းပြည်နယ်တွင်းရှိ လက်ဖက်တောင်သူ (၅) သိန်းခန့် နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း ပလောင်တိုင်းရင်းသားများအရေး ဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များက ပြောသည်။
ယင်းအဖွဲ့က နအဖ၏ လက်ဖက်စားသုံးရန် တားဆီးပိတ်ပင်မှုကြောင့် လက်ဖက်တောင်သူများ နစ်နာဆုံးရှုံးရမှုများကို ဖော်ပြထားသည့် လက်ဖက်ဖျက်ပိုးအမည်ရှိ အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ယနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။
လက်ဖက်များတွင် ကျန်းမာရေးထိခိုက်စေနိုင်သည့် ဓာတုဗေဒ ဆိုးဆေး (အော်ရာမင်းအို) ပါဝင်သောကြောင့် စားသုံးရန်မသင့်ဟု နအဖကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ် မတ်လတွင် ပိတ်ပင်ခဲ့သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အလုပ်မှုဆောင်ကော်မတီဝင် မိုင်းဘုန်းကျော်က “ပြည်သူလူထုရဲ့ ကျန်းမာရေး အတွက် ကြိုတင်ကာကွယ်ရတာဖြစ်ပေမယ့် နအဖအာဏာပိုင်တွေရဲ့ မှားယွင်းသော စီမံခန့်ခွဲမှု၊ အကျင့်ပျက်လာဘ်စားမှု တို့ကြောင့် ပြည်သူတွေ အန္တရာယ်ကင်းတဲ့ အစားအသောက် မရတဲ့အပြင် လက်ဖက်တောင်သူ (၅) သိန်းဟာ ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက လက်ဖက်တွင် အ၀ါရောင်ဆိုးဆေးပါဝင်သည်ကို တွေ့ရှိခဲ့သည်မှာ (၂) နှစ်ကျော်ပြီဟု ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက ပြောကြားခဲ့ကာ ပြီးခဲ့သည့် မတ်လ (၁၂) တွင် ရုတ်တရက် ပိတ်ပင်တာဆီးပြီး လက်ဖက်များကို သိမ်းယူဖျက်ဆီးခဲ့ခြင်းကြောင့် လက်ဖက်ကုန်သည်နှင့် တောင်သူများ ကျပ်သိန်း ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။
“အဓိကလက်ဖက်နဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ လက်ဖက်တောင်သူ ပလောင်တွေက ဆိုးဆေးမသုံးပါဘူး။ ဆိုးဆေးသုံး တာက လက်ဖက် အရောင်လှအောင်လို့ ပွဲရုံတွေ၊ လုပ်ငန်းရှင်တွေ လုပ်တာဖြစ်တယ်။ လက်ဖက်တွေ ဖျက်ဆီးခံရတော့ ကုန်သည်တွေ တစုံတရာထိခိုက်မှု ရှိခဲ့ပေမယ့် တကယ်ထိခိုက်တာကတော့ လက်ဖက်တောင်သူတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက်ဝယ်ယူမယ့်လူ မရှိတော့ဘူး။ နအဖက ဖျက်ဆီးလိုက်တဲ့ လက်ဖက်ပမာဏ ကျပ်သိန်းပေါင်း (၅) ထောင်ကျော်ဟာ ကုန်သည်တွေက (၂၅) ရာခိုင်နှုန်းလောက်ပဲ ထိခိုက်တယ်။ အရင်းခံ ထိခိုက်တာကတော့ လက်ဖက်တောင်သူတွေပဲဖြစ်တယ်။ ဒါကြောင့် လက်ဖက်ဖျက်ပိုးဆိုတာ ဗိုလ်သန်းရွှေလို့တောင် ပြောလို့ရတယ်” ဟု မိုင်းဘုန်းကျော်က ဖြည့်စွက်ပြောကြားသည်။
နမ့်ဆမ်မြို့နယ်အတွင်းရှိ ဒေသခံလက်ဖက်တောင်သူများနှင့် ကုန်သည်များ သိုလောင်ထားသည့် လက်ဖက်ပိဿာချိန် (၂) သိန်းကျော်ကို အာဏာပိုင်များက ဖျက်ဆီးခဲ့ရာ ကာလပေါက်ဈေး ကျပ်သိန်း (၄၀၀) ကျော် ဆုံးရှုံးခဲ့သည့် စာရင်းဇယားများကို လည်း အစီရင်ခံစာတွင် အတိအကျဖော်ပြထားသည်။
ဆေးဝါးသုံးစွဲမှု ရှိမရှိ စုံစမ်းစစ်ဆေးမှုမလုပ်ဘဲ လက်ဖက်မှန်သမျှကို သိမ်းယူဖျက်ဆီးခြင်းဖြစ်သော်လည်း နအဖအာဏာပိုင်များ နှင့် နီးစပ်သည့် လက်ဖက်ခြောက် စက်ရုံမှူး ဗိုလ်ကြီးသန်းထွန်း၊ ဦးခွန်ပွင့်နှင့် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြလေးတို့၏ လက်ဖက်များ ဖျက်ဆီးခြင်းမခံရသည်ကို ဓာတ်ပုံမှတ်တမ်း စာရင်းဇယားများနှင့် ဖော်ပြထားသည်။
ပလောင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၊ ပလောင်အမျိုးသမီးအစည်းအရုံး၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး စသည့်လုပ်ငန်းအဖွဲ့များက ရှမ်းပြည်နယ်အတွင်း လက်ဖက်အများဆုံးထွက်ရှိရာ ပလောင်ဒေသများဖြစ်သည့် နမ့်ဆမ်၊ နမ့်ခမ်း၊ မန်တုံ စသည့်ဒေသများသို့ ကွင်းဆင်း၍ သုတေသနပြုလုပ်ထားချက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ဖက်တောင်သူများ၏ အခြေအနေများနှင့်ပတ်သက်၍ ပလောင်အမျိုးသမီးအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၂) လွေးပိုးညိုဝ်းက “ဒီမတိုင်ခင်က လက်ဖက်တောင်သူတွေ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးပိုင်းတွေမှာ ပြေပြေလည်လည်နဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ အခုဆိုရင် လုံးဝပဲ။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနေရတယ်။ ဥပမာ ကလေးကျောင်းမပို့နိုင်တာတွေ၊ ကျန်းမာရေးအတွက် ဆေးရုံ ဆေးခန်း မပို့နိုင်တဲ့ အခြေအနေတွေဖြစ်ခဲ့တယ်” ဟု ပြောသည်။
လက်ဖက်များ သိမ်းဆီးခံခဲ့ရသဖြင့် လက်ဖက်ဈေးကွက်ပျက်ကာ ငွေကြေးလည်ပတ်မှုများ မရှိတော့သည့် လက်ဖက်တောင်သူများမှာ ကုန်သည်များထံမှ ငွေတိုးဖြင့် ကြိုယူထားသည့် ငွေကြောင့် အကြွေးပိုမိုများပြားလာပြီး လက်ဖက်ဝယ်သူ မရှိသလောက်ဖြစ်သောကြောင့် ပလောင်ဒေသရှိ လက်ဖက်တောင်သူ အနည်းဆုံး (၃) သိန်းကျော်မှာ အခြေခံစားကုန်တို့ကို ပုံမှန်ဝယ်ယူခြင်းမပြုနိုင်သည်အထိ အကြွေးနွံနစ်ခဲ့ရသည်ဟု လွေးပိုးညိုဝ်းက ပြောသည်။
လာရှိုးတိုင်းမှူးနှင့် ဒေသခံအာဏာပိုင်များက ၎င်းတို့နယ်မြေအတွင်း လက်ဖက်စားသုံးသူနှင့် လက်ဖက်အစိုအခြောက် လုပ်ငန်းရှင်းများအား ခေါ်ယူ၍ လက်ဖက်ထဲ ဆိုးဆေးထည့်လျှင် ထောင် (၃) နှစ်ချမည်ဟု ပြောဆိုခဲ့သော်လည်း ဆိုးဆေးနှင့် ပတ်သက်၍ ပညာရှင်များနှင့် ယနေ့တိုင် ထိရောက်သည့် ပညာပေးဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ လျစ်လျူရှုထားသည်ဟု ဒေသခံတဦးက ပြောသည်။
လက်ဖက်ပြဿနာကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တွင် အတိဒုက္ခရောက်နေသည့် လက်ဖက်တောင်သူများ၏ ဘ၀ဖြစ်ရပ်မှန် အချက်အလက်များကို အာဏာပိုင်များအပါအ၀င် ပြည်သူလူထုနှင့်နိုင်ငံတကာက သိရှိနားလည်ရန်အတွက် အစီရင်ခံစာအား ထုတ်ဝေရခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
|