ရက် (၂၀) လောက် ရှိနေပါပြီ။ Queen Cross ဆေးရုံမှာ တက်နေရာကနေ ဆရာဝန်က ပိုပြီး နီးနီးကပ်ကပ်ကုရမယ်ဆိုပြီး ဆေးရုံကြီးကို ပြောင်းလိုက်တာ တပတ်လောက်ရှိပြီ။ အဲ့ဒီမှာပဲ ဆုံးသွားတာပါ” ဟု ပြောသည်။
အဆိုတော် စိုင်းထီးဆိုင်သည် မြန်မာနိုင်ငံ၏ စတီရီယို ဂီတလောက၌ ၁၉၇၀ ခုနှစ်များမှ ၁၉၈၈
ခု အရေးအခင်း မတိုင်ခင်အထိ လူငယ်များအကြား လွှမ်းမိုးမှုရှိသည့် ထင်ပေါ်ကျော်ကြားဆုံး အဆိုတော်တဦးဖြစ်သည်။ ၁၉၈၈ ခု နောက်ပိုင်း ပါပီမ အပါအ၀င် စစ်အစိုးရ ပေါ်လစီသီချင်းများ သီဆိုခဲ့ပြီးနောက် နာမည်ကျသွားခဲ့သော်လည်း ယခုထက်တိုင် ၎င်း၏သီးချင်းများမှာ မရိုးနိုင်ဘဲ တေးချစ်ပရိသတ် နှစ်သက်နေဆဲဖြစ်သည်။
တေးရေးဆရာ သုခမိန်လှိုင်က “မင်းမင်းလတ်ကြီးတို့၊ စိုးပိုင်တို့ဘာတို့ပြီးတော့ တနှစ် နှစ်နှစ် လောက် နောက်ကျပြီးတော့ စိုင်းထီးဆိုင်ဆိုပြီး ၀ုန်းကနည်း ပေါ်လာတာ။ ခမ်းလိတ်ရဲ့ စာသား တွေနဲ့ အဲဒီသီချင်းမျိုးကို ရင်ခုန်တဲ့ လူငယ်တွေကြားထဲမှာ ပေါ်လာတာပေါ့။ ခုရွတ်နေမိတာ ကြွေနေတဲ့ပန်းကလေးများ လိုက်ကောက်ခြင်းမှာ ကျေနပ်မှုအပြည့်အ၀ရတဲ့ ချစ်သမီးလေးရယ်၊ ဒီလိုသာ အမြဲရောင့်ရဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ ဆိုတဲ့စာသားလေးပါ။ သူဆိုခဲ့တဲ့ သီချင်းတွေကများတော့ သူရဲ့မှတ်တိုင်တွေကတော့ များမယ်” ဟု ပြောသည်။
အိပ်စက်အနားယူပြီ၊ ငွေတောင်တန်းသို့သီချင်းတပုဒ်၊ ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ၊ မန္တလေး ရောက်ရှမ်းတယောက်၊ ကွဲနေသောမှန်စများ၊ မောင့်လပြည့်ဝန်း၊ ရန်ကုန်မှာသာတဲ့လ၊ မောင့် အရိုင်းပန်း၊ လေညာအရပ်ကအချစ်၊ ခြင်္သေ့လည်ပြန်၊ ပလက်ဖောင်းမင်းသား စသည့် သီချင်း များမှာ ပရိသတ်များအကြား ရေပန်းစားသည်။
စိုင်းထီးဆိုင်၏ တေးသီချင်းအများစုကို ရေးပေးခဲ့သည့် တေးရေးဆရာ စိုင်းခမ်းလိတ်က “သူက လုပ်ဖော်ကိုင်ဖက်တယောက်တင်မကပါဘူး။ ကျနော် ညီအရင်းတယောက်လိုလည်း ဖြစ်နေ
တယ်။ တကယ့်ကို ခင်မင်ရင်းနှီးတဲ့လူပါ။ ပရိသတ်တွေက သူ့အကြောင်းကို ကျနော့်ထက်ပိုပြီး နားလည်ကြမှာပါဗျာ” ဟု ပြောသည်။
အဆိုတော်စိုင်းထီးဆိုင်သည် အစားထိုးမရသည့် ကိုယ်ပိုင်သံစဉ်အဆိုတော်တယောက်ဖြစ်ပြီး ဆုံးရှုံးသွားသည့်အတွက် ၀မ်းနည်းမိကြောင်း သူ၏ပရိသတ်များက ပြောသည်။
ပရိတ်သတ်တဦးက “ငယ်ငယ်ကလေးတည်းက လူကို မတွေ့ရဘူးပေမယ့် အသံလှိုင်းကနေ ကက်စက်တွေ၊ တိတ်ခွေတွေကနေ နားထောင်တယ်။ ကျနော်တို့လို အသက်အရွယ်ရောက် ချစ်တတ်ကြိုက်တတ်တဲ့အရွယ်မှာ သူ့ရဲ့ သီချင်းသံလေးတွေ ကြားရတော့ ကိုယ့်အတွက် ဆိုပေးနေသလို ခံစားမိတယ်၊ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုတာ ခုထက်ထိကြိုက် နေတုန်းပဲ။ သူကွယ်လွန်သွားတာ တအားကို နှမြောမိပါတယ်” ဟု ပြောသည်။
စိုင်းထီးဆိုင်၏ ရုပ်ကလာပ်ကို ယနေ့နံနက်တွင် ရေဝေးသုသာန်သို့ မင်းသားကျော်သူကိုယ်တိုင် ကားဖြင့် သယ်ပို့ပေးခဲ့ပြီး မတ်လ (၁၂) ရက် ညနေ (၅) နာရီ၌ သင်္ဂြိုဟ်ရန် စီစဉ်နေကြောင်း မိသားစုက ပြောသည်။
အဘ ဦးနန္ဒာ၊ အမိ ဒေါ်နန်းအိန်တို့၏ သားဖြစ်သူ အဆိုတော်ဆိုင်းထီးဆိုင် (အမည်ရင်း စိုင်း တင်ဦး) ၏ ဇာတိမှာ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်ဖြစ်ပြီး မွေးချင်း (၅) ယောက် အနက် အကြီးဆုံးသားဖြစ်သည်။
မန္တလေးတက္ကသိုလ်၌ စိတ်ပညာ ဘာသာရပ်အဓိကဖြင့် ပညာသင်ကြားခဲ့ဖူးပြီး မန္တလေးရောက် ရှမ်းတယောက် စီးရီးဖြင့် ဂီတလောကသို့ ၀င်ရောက်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ခင်သန်း
စိုး၊ သား (၁) ဦးနှင့် သမီး (၂) ဦးတို့ ကျန်ရစ်သည်။ ။
စိုင်းထီးဆိုင်၏ အပြာရောင်မျက်ရည် နှင့် အခြားသီချင်းများနားဆင်နိုင်သည် |