English Page
archive
newspaper
journalarchive
photoalbum
bloglogo

Exchange Rate
US 1 $ = 1200 Ks
Thai Bht 1= 35.50 Ks
currency
19 August 2008


 
  မြောက်ကိုရီးယားသင်္ဘောသတင်းယူသည့်
သတင်းထောက် (၂) ဦး ပြန်လည်လွတ်မြောက်

NEJ / ၂၄ မေ ၂၀၀၇
line
 

သီလ၀ါဆိပ်ကမ်း၌ဆိုက်ကပ်သည့် မြောက်ကိုရီးယားသင်္ဘောသတင်းယူရန် သွားရောက်စဉ် ဖမ်းဆီး ထိန်းသိမ်းခံရသည့် သတင်းထောက် (၂) ဦး ယမန်နေ့၌ ပြန်လည်လွတ်မြောက်လာသည်။

MITT ဆိပ်ကမ်းတွင် ယခုလ (၂၀) ရက်၌ ဆိုက်ကပ်သည့် မြောက်ကိုရီးယားသင်္ဘော နန်ခမ်-I နှင့် ပတ်သက်၍ သတင်းယူရန်သွားရောက်သည့် နီပွန်တီဗွီသတင်းဌာနမှ ဦးအောင်ရွှေဦးနှင့် ဒေါ်ဆင့် ဆင့်အောင်တို့ကို ယခုလ (၂၁) ရက်၌ နအဖထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည်။

ယမန်နေ့ ညနေ (၇း၀၀) နာရီခန့်တွင် ဦးအောင်ရွှေဦးနှင့် ဒေါ်ဆင့်ဆင့်အောင်တို့အား ၎င်းတို့
နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးကြောင်း ရန်ကုန်မှ သတင်းထောက်တဦးကပြောသည်။

နန်ခမ်-I သင်္ဘောကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ MITT ဆိပ်ကမ်းတွင် ယခုလ (၂၀) ရက်၌ အရေးပေါ် ဆိုက်ကပ်ခွင့်ပြုခဲ့သည်မှာ သင်္ဘောပြင်ရန်နှင့် ရိက္ခာဖြည့်ဆည်းရန်အတွက် လူသားချင်း စာနာ၍ဖြစ်သည်ဟု နအဖနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့၌ ထုတ်ပြန်ကြေညာသည်။

ထိုသင်္ဘောသည် ဘင်္ဂလားပင်လယ်အော်တွင် မေ (၁၄) ရက် ဆိုင်ကလုံးမုန်တိုင်းကြောင့် အင်ဂျင် တလုံးပျက်ပြီး စားနပ်ရိက္ခာပြတ်၍ ခိုလှုံလာခြင်းဖြစ်ကြောင်း၊ သင်္ဘော၌ မသင်္ကာဖွယ် ကုန်ပစ္စည်းနှင့် စစ်သုံးပစ္စည်းများ မတွေ့ရကြောင်း၊ ကပ္ပိတန်နှင့် သင်္ဘောသား (၁၈) ဦးပါ နန်ခမ်-I သင်္ဘောသည် ယခုလ (၂၃) ရက်နံနက်တွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

MITT ဆိပ်ကမ်း၌ တာဝန်ကျသည့် အကောက်ခွန်ဝန်ထမ်းတဦး၏ ပြောကြားချက်အရ ဆိပ်ကမ်း၌ ယင်းသင်္ဘော ဆိုက်ကပ်ထားစဉ် စစ်သားများနှင့် အရပ်ဝတ်လုံခြုံရေးများ တင်းကျပ်စွာချထားခဲ့ပြီး သင်္ဘောပေါ်မှ အမျိုးအမည်မသိပစ္စည်းများ ပါဝင်သည့် ကုန်သေတ္တာများချခဲ့သည်ဟု သိရသည်။

၁၉၈၃ ခုတွင် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝန်နှင့်အဖွဲ့ကို မြောက်ကိုရီးယားသူလျှိုများက ရန်ကုန်၌ ဗုံးခွဲလုပ်ကြံသည့်နောက်ပိုင်း မြန်မာ-မြောက်ကိုရီးယား သံအဆက်အသွယ် ပြတ်တောက်ခဲ့ရာမှ ယခင် လ၌ နအဖစစ်အစိုးရနှင့် မြောက်ကိုရီးယား သံတမန်ပြန်လည်ဆက်သွယ်ရန် သဘောတူညီလိုက်ပြီး မကြာမီ ဤသင်္ဘောဆိုက်ကပ်လာခြင်းဖြစ်သည်။

နန်ခမ်-I သင်္ဘော မြန်မာနိုင်ငံ၌ ဆိုက်ကပ်ခြင်းကြောင့် မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို လက်နက်နှင့် လက်နက်နည်းပညာများ ထောက်ပံ့ခြင်းနှင့် ပတ်သက်မည်ဟု နိုင်ငံခြားသံတမန်များက သံသယဖြစ်နေသည်။

ပြီးခဲ့သည့်နိုဝင်ဘာတွင်လည်း MV Bong Hoafan အမည်ရှိ မြောက်ကိုရီးယားသင်္ဘောတစီး
MITT ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး နအဖစစ်အစိုးရက အလားတူအကြောင်းပြချက်မျိုး ထုတ်ပြန်ခဲ့သည်။     ။

 

asean
ကြော်ငြာကဏ္ဍ

KPP_ads

music

sayartinmoe

hiv

fbppn

burma

88

oway

alinpyakyelsin

 

Opentracker.net: Website Statistics